International News

ရုရှားသည် ကမ္ဘာ့စားနပ်ရိက္ခာတင်ပို့မှု ထိပ်တန်း ၂၀ စာရင်းထဲသို့ ပြန်လည်ဝင်ရောက်လာ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာတင်ပို့မှုထိပ်တန်းနိုင်ငံ ၂၀ စာရင်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အဆင့် ၁၇ နေရာ၌ ရပ်တည်ကာ ၎င်း၏အစုရှယ်ယာကို ၂.၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ "Agroexport" ဖက်ဒရယ် ဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

စားနပ်ရိက္ခာထုတ်ကုန်များနှင့် စိုက်ပျိုးရေးကုန်ကြမ်းများ အများဆုံးတင်ပို့ရောင်းချသည့် နိုင်ငံများတွင် ရုရှားသည် အဆင့် ၁၇ နေရာ၌ ရပ်တည်နေပြီး ၎င်း၏ရှယ်ယာကို ၂.၁ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုထိပ်တန်းနိုင်ငံ ၂၀ စာရင်းများအနက် ရုရှားနိုင်ငံသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တင်ပို့မှုပမာဏမှာ ၂.၅ ဆဖြင့် အများဆုံးတိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ရလဒ်များအရ ရုရှား၏လယ်ယာထွက်ကုန်တင်ပို့မှုသည် ၁၂ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၄၁.၆ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ရုရှားနိုင်ငံ၏ တင်ပို့ရောင်းချမှုမှရရှိသည့် ဝင်ငွေသည် ကောက်ပဲသီးနှံတင်ပို့မှုတွင် ၁၈ ရာခိုင်နှုန်း၊ အဆီနှင့်ဆီထုတ်ကုန်တင်ပို့မှုတွင် ၂၅ ရာခိုင်နှုန်း၊ အသားထုတ်ကုန်၂၃ ရာခိုင်နှုန်း၊ စားသောက်ကုန်နှင့်စက်မှုကုန်ထုတ်လုပ်ငန်းများ ၁.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ငါးနှင့်ပင်လယ်စာတင်ပို့မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၂ ရာခိုင်နှုန်းနှင့် နို့ထွက်ပစ္စည်းများတင်ပို့မှုမှာ ၁.၉ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းသွားခဲ့ကြောင်း Agroexport က မှတ်ချက်ပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် စိုက်ပျိုးရေးထုတ်ကုန်များ အများဆုံးတင်ပို့သူအဖြစ် ၎င်း၏နေရာကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံခြားဈေးကွက်များသို့ ရောင်းချမှုကို ၉.၁ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၉၃ ဘီလီယံအထိ တိုးမြှင့်လာခဲ့သည်။ ဒုတိယနေရာတွင် ဘရာဇီးနိုင်ငံသည် ပို့ကုန်များကို ၃၅ ရာခိုင်နှုန်းဖြင့်တိုး၍ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိ တိုးမြှင့်နိုင်ခဲ့သည်။ နယ်သာလန်နိုင်ငံသည် ဒုတိယနေရာမှ တတိယနေရာသို့ ကျဆင်းခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကုန်ပစ္စည်း တင်ပို့သူ ၅ နိုင်ငံစာရင်းထဲတွင် ဂျာမနီနှင့်တရုတ်တို့သည်လည်း ပါဝင်သည်။

Source : https://tass.ru/ekonomika/18127777

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News